Sunday, 29 January 2012

အချစ်......



ကျွန်မနဲ့ မောင်ဟာ ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့ သူငယ်ချင်းတွေပါ… ကျွန်မဟာ မောင့်အပေါ်မှာ မနှစ်ကအချိန်ထိ သူငယ်ချင်း တစ်ယောက်လိုဘဲ စိတ်ထဲရှိခဲ့ပေမဲ့ ကျွန်မတို့၂ယောက် ခရီးတစ်ခု အတူတူ သွားကြတဲ့ အချိန်မှာတော့ မောင့်ကို ကျွန်မ ချစ်နေတယ် ဆိုတာ သိလိုက်ပါတယ်.. ကျွန်မမောင့်ကို ချစ်နေတဲ့အကြောင်း မောင်သိအောင် ပွင့်ပွင့်လင်းလင်း ၀န်ခံ လိုက်မိပါတယ်.. ဒါကြောင့်လဲ မကြာခင်မှာ ကျွန်မတို့ ၂ယောက်ဟာ စုံတွဲလေး တစ်တွဲ ဖြစ်လာခဲ့ပါတယ်..


ကျွန်မ မောင့်ကို သိပ်ချစ်မိတဲ့ အတွက် ကျွန်မရဲ့ စိတ်အာရုံ အားလုံးကို သူ့အပေါ်မှာဘဲ စူးစူးစိုက်စိုက် ထားရှိ ပါတယ်.. ဒါပေမဲ့ မောင် ကတော့ ကျွန်မလို မဟုတ် ပါဘူး သူ့မှာ မိန်းခလေးပေါင်း များစွာရှိပါတယ်.. မောင်ဟာ ကျွန်မအတွက် တစ်ဦးတည်းသော သူ ဖြစ်ပေမဲ့ ကျွန်မကတော့ သူ့အတွက် မိန်းခလေးများစွာ ထဲကမှ တစ်ယောက် အပါအ၀င်ပါ…

“မောင်ရေ.. ဒီနေ့ ရုပ်ရှင်ကောင်းတယ် သိလား..သွားကြည့်ရအောင်လေ..” ကျွန်မက သူ့ကိုပြောလိုက်ပါတယ်…

“ ဟာ… သွားလို့မဖြစ်ဘူး”

“ ဟင် ..ဘာလို့လဲ ..အိမ်မှာ စာကြည့်မလို့လား”

“မဟုတ်ပါဘူး.. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့ပါ…”

မောင်ဟာ အမြဲတမ်း အဲလိုပါဘဲ…. သူဟာ တစ်ခြား မိန်းခလေးတွေနဲ့ ကျွန်မရှေ့မှာတင် တွေ့တဲ့အခါ တွေ့တတ် ပါတယ်.. အဲလို တွေ့ချိန်မှာလည်း သူ့ဘက်က ဘာမှ မထူးဆန်းတဲ့ အလုပ်တစ်ခုခုကို ပုံမှန် လုပ်နေသလိုမျိုးပါဘဲ….. ကျွန်မဟာ မောင့်အတွက် ဘာမှ မထူးဆန်းတဲ့ သာမန်မိန်းခလေး တစ်ယောက် ပါဘဲလား…. ချစ်တယ် ဆိုတဲ့ စကားကိုလည်း ကျွန်မကသာ မောင့်ကိုပြောခဲ့ပေမဲ့ မောင့်ပါးစပ်ကတော့ ဒီနေ့အထိ ချစ်တယ်ဆိုတာ တစ်ခါမှာကို မပြောခဲ့ဖူး သေးပါဘူး… ရက်ပေါင်း ၁၀၀… ရက်ပေါင်း၂၀၀ .. စသည်ဖြင့် ချစ်သူသက်တမ်းသာ ကြာလာတယ်… ချစ်တယ် ဆိုတဲ့ စကားကိုတော့ သူ့ပါးစပ်က ဘယ်တော့မှ မပြောခဲ့ပါဘူး… ကျွန်မတို့၂ယောက် ကြားမှာ ချစ်သက်တမ်း အထိမ်း အမှတ် ဆိုတာလည်း မရှိခဲ့ပါဘူး… မောင်ဟာ ချစ်တယ်ဆိုတဲ့ စကားကိုပြောဖို့ ဘာကြောင့် များ ဒီလောက် တွန့်တို နေတယ် ဆိုတာ ကျွန်မ မတွေးတတ်တော့ပါဘူး…ချစ်သူစဖြစ်
တဲ့ နေ့ကစပြီး မောင် မပျက် ကွက် လုပ်တဲ့ အလုပ်တစ်ခုက တစ်နေ့ကို အရုပ်လေးတစ်ရုပ် ကျွန်မကို ပေးခြင်းပါဘဲ… ဒီနေ့ထိ တစ်ရက်မှကို မပျက်ကွက် ခဲ့ပါဘူး… ဒီအရုပ်တွေကို ဘာသဘောနဲ့ မောင်ပေးနေတယ် ဆိုတာလဲ ကျွန်မ မသိခဲ့ပါဘူး…

တစ်နေ့တော့ ကျွန်မက မောင့်ကို စကားစဖို့ ကြိုးစားတယ်…

“ မောင်… ငါ………….. ငါလေ”

“ ဘာတွန့်ဆုတ်ဆုတ်ဖြစ်နေတာလဲဟ.. ပြောလေ”

“ငါ နင့်ကိုချစ်တယ်”

“ ဟမ်.. နင်က ..ဟုတ်လား အရူးထမနေနဲ့……ရော့ရော့ ဒီအရုပ်ကိုယူ.. ပြီးရင် အိမ်ထဲဝင်တော့..”

ကဲကြည့်.. ကျွန်မရဲ့အချစ်တွေကို မောင်ဟာ ဘယ်လောက်တောင် ဥပက္ခာပြုတယ် ဆိုတာ.. အရုပ်လေး ပေးပြီးတာနဲ့ ကျွန်မရှေ့ကနေ တစ်ခါတည်း ပျောက်ကွယ် သွားတော့တာဘဲ.. ပြေးပြီး ထွက်သွားသလား အောက်မေ့ ရလောက် အောင် လျှင်မြန်လွန်းနေတယ်.. သူ့ဆီက နေ့စဉ်နေ့တိုင်း ရနေတဲ့ အရုပ်ကလေး တွေဟာ ကျွန်မ အခန်း တစ်ခုလုံး တစ်ဖြေးဖြေးနဲ့ ပြည့်လာတယ်… အရုပ်လေးတွေမှ အများကြီးပါဘဲ…..

ဒီနေ့ဟာ ကျွန်မရဲ့ ၁၉ နှစ်မြောက် မွေးနေ့ပါ.. ကျွန်မ မနက်အစောကြီး အိပ်ရာကနေထတယ်.. သူနဲ့ အတူ မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စိတ်ကူးလေးနဲ့ ရင်ခုန် နေမိတယ်.. မောင်ခေါ်လာမဲ့ ဖုန်းသံလေးကို စောင့်နေမိ တယ်… ဒါပေမဲ့ နေ့လည်စာ စားပြီးချိန်ထိ သူ့ဆီက ဖုန်းခေါ်သံ မကြားရဘူး.. ညနေစာစားပြီးတဲ့ အချိန်ထိလည်း သူ့ရဲ့ ဖုန်းသံကို မရပါဘူး.. ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး ညနက်ချိန် ရောက်တဲ့ထိလည်း မောင်က ကျွန်မဆီကို ဖုန်းမခေါ်ခဲ့ပါဘူး… ကျွန်မ မောင့်ဆီက ဖုန်းခေါ်သံကို စောင့်ဖို့ အင်အားလဲ မရှိတော့ပါဘူး… ရင်ထဲမှာ စိတ်ပျက်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ပင်ပန်း ငြီးငွေ့ခြင်းများနဲ့ ကျွန်မရင်ခွင် တစ်ခုလုံး နွမ်းလျှလို့ နေပါပြီ..

မောပန်း နွမ်းနယ်စွာနဲ့ အိပ်ပျော်သွားတဲ့ ကျွန်မကို ရုတ်တရက် လန့်နိုးစေလိုက်တာက ဖုန်းခေါ်သံလေးတစ်ခုပါ… နာရီကြည့်လိုက်တော့ မနက် ၂နာရီရှိနေပြီ.. ဖုန်းကို ကောက်ကိုင်ပြီး ထူးလိုက်တော့ မျှော်လင့်စောင့်စားခဲ့ရတဲ့ မောင်ရဲ့အသံ.. မောင်က ကျွန်မကို အိမ်အပြင်ဘက် ခနထွက်လာဖို့ ပြောပါတယ်… ကျွန်မရင်ထဲမှာ ပျော်ရွင်ခြင်း များစွာနဲ့ အိမ်အပြင်ကို ပြေးထွက်လာခဲ့မိတယ်..

“မောင်”

“ဒီမှာ…. ရော့ ဒါကိုယူ ” ထုံးစံအတိုင်း မောင့်လက်ထဲမှာ အရုပ်လေးတစ်ရုပ်

“ဒါက ဘာလဲ..” ကျွန်မ မောင့်ကို မေးလိုက်တယ်..

“ငါ မနေ့က နင့်ကို မပေးလိုက်ရဘူးလေ.. အဲဒါ အခုလာပေးတာ ..ငါအခု အိမ်ပြန်တော့မယ် …. တာ့တာနော်”

“မောင် ခနလေး ..ခနလေး စောင့်ပါဦး .. ဒီနေ့ဘာနေ့လဲ မောင်သိရဲ့လား”

“ဒီနေ့ .. ဟမ်… မသိဘူး”

ကျွန်မ အရမ်းကို ၀မ်းနည်းသွားမိပါတယ်.. ကျွန်မထင်ခဲ့တာက သူဟာ ကျွန်မမွေးနေ့ကို သတိတရ ရှိလိမ့်မယ်လို့ ဒါပေမဲ့ သူကတော့ ဘာမှ မဖြစ်သလိုဘဲ ကျွန်မရှေ့ကနေ လှည့်ထွက် သွားခဲ့တယ်.. ကျွန်မ ဘယ်လိုမှ သည်းခံ နိုင်စွမ်း မရှိတော့ဘဲ အော်လိုက်မိတယ်..

“မောင် ခနနေဦး ”

“ဘာလဲ .. တစ်ခုခုပြောစရာရှိလို့လား”

“မောင် နင်ငါ့ကိုပြောစမ်းပါဦး နင်ငါ့ကို တကယ်ချစ်ရဲ့လား.. ငါ့ကို တကယ်ချစ်တယ်ဆိုရင် နင်ဒီနေ့ ငါ့ကို ချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ပါ”

“ဘာ.. နင်ရူးနေလား”

“ပြောစမ်းပါ မောင်ရဲ့ .. နင်ငါ့ကို ပြောစမ်းပါ…” ကျွန်မ အသံက သနားစရာ ကောင်းလောက်အောင် တုန်ခါနေ တယ်.. မောင့်ရဲ့ လက်တွေကို လှုပ်ခါပြီး တောင်းပန် တိုးလျှိုး ပြောနေမိပါတယ်..

ဒါပေမဲ့ မောင့်ဆီက ပြန်ရလိုက်တဲ့ အေးစက်စက် စကားလုံးတွေက ကျွန်မအသည်းကို ဓါးထက်ထက်နဲ့ မွန်းလိုက်သလိုပါဘဲ….

“ချစ်တယ်ဆိုတဲ့ စကားလုံးကို ငါ ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ မပြောချင်ဘူး.. မင်း ဒီလောက်တောင် ကြားချင်နေတယ် ဆိုရင်တော့ တစ်ခြား တစ်ယောက် ယောက်ကို ရှာချင် ရှာလိုက်တော့”

ဒီစကားကို ချန်ထားရစ်ပြီး သူပြေးထွက်သွားပါတယ်.. ကျွန်မခြေထောက်တွေ ဆက်လက် ရပ်တည်နိုင်စွမ်း မရှိ တော့ပါဘူး.. မြေပြင်ပေါ်ကို ပြိုလဲကျသွားပါတယ်.. မောင်က ချစ်တယ်ဆိုတဲ့ စကားကို အလွယ်တကူ မပြောချင်ဘူး တဲ့လား.. သူဘယ်လိုများ ပြောထွက်လိုက်တာပါလိမ့် .. ကျွန်မသိလိုက်ပါပြီ.. မောင်ဟာ ကျွန်မအတွက် ထိုက်တန် တဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး..

အဲဒီနေ့က စပြီး အိမ်ထဲအိမ်ပြင်မထွက်ဘဲ ကျွန်မငိုကြွေးနေခဲ့မိပါတယ်.. နေ့စဉ်ရက်ဆက် ငိုနေမိတာပါ.. မောင်ကတော့ နေနိုင်လွန်းပါတယ်.. ကျွန်မ စောင့်နေ ခဲ့ပေမဲ့ ဖုန်းတစ်ချက်တောင် ဆက်ဖော်မရခဲ့ပါဘူး… ဒါပေမဲ့ ကျွန်မရဲ့ အိမ်အပြင် ဘက်မှာတော့ အရုပ်ကလေးတစ်ရုပ်ကို မနက်တိုင်း မနက်တိုင်း လာထားနေဆဲပါ.. အခန်းထဲမှာလည်း အရုပ်တွေနဲ့ ပြည့်လို့နေပါပြီ..

တစ်လလောက်ကြာတော့ ကျွန်မကိုယ့်ကိုယ်ကို အားတင်းပြီး ကျောင်းကို ထွက်လာခဲ့ပါတယ်.. ဒါပေမဲ့ ကျောင်း မရောက်ခင် ကျွန်မရင်ကို နာကျင်စေမဲ့ မြင်ကွင်း တစ်ခုကို မြင်လိုက် ရတယ်.. မောင်ရယ်လေ. ကောင်မလေး တစ်ယောက်နဲ့ .. သူ့မျက်နှာပေါ်မှာလည်း ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ အပြုံးတွေနဲ့ ရွှန်းလက် တောက်ပလို့.. ကျွန်မကို ဒေါသ ထွက်စေတဲ့ အရာက မောင့်လက်ထဲမှာ ကိုင်လာတဲ့ အရုပ်ကလေး တစ်ရုပ်.. ကျွန်မ အိမ်ဘက်ကို အားကုန် ပြန်ပြေးခဲ့မိတယ်..

အိမ်ခန်းထဲကို ရောက်တော့ တစ်ခန်းလုံး ပြည့်လုမတတ် ရှိနေတဲ့ အရုပ်တွေကို ကြည့်ပြီး မျက်ရည်တွေ တားဆီးမရအောင် ကျလာမိတယ်… ဘာလို့များ ဒီအရုပ်တွေ ကျွန်မကို ပေးခဲ့တာတဲ့လဲ… ဒီအရုပ်တွေဟာ သူ တစ်ခြား ကောင်မလေးတွေ ဆီက ရလာတဲ့ အရုပ်တွေ ဖြစ်နိုင်သားဘဲလေ.. ဒေါသစိတ်နဲ့ အရုပ်တွေကို လွှင့်ပစ်နေမိတယ်.. ဒီအချိန်လေးမှာဘဲ ရုတ်တရက် ဖုန်းမြည်သံပေါ်လာတယ်… မထင်မှတ်ထားဘဲ မောင့်ဆီက ဖြစ်နေတယ်.. မောင်က ကျွန်မတို့ အိမ်အနားက ဘတ်စ်ကား မှတ်တိုင်ကို ခန ထွက်လာဖို့ ပြောတယ်.. ကျွန်မ စိတ်တွေ တည်ငြိမ်အောင် ကြိုးစားပြီး ကားမှတ်တိုင်ကို လျှောက်လာခဲ့တယ်. ကိုယ့်ကိုယ်ကိုလည်း သတိပေး နေမိတယ်.. ငါသူ့ကို မေ့အောင် ကြိုးစားတော့မယ်.. ငါဒီဇာတ်လမ်းကို ဒီနေ့မှာဘဲ အဆုံး သတ်တော့မယ်..

ကျွန်မ မြင်ကွင်းထဲကို အရုပ်ကြီး တစ်ရုပ်ကို လက်က ကိုင်ထားပြီး သူ ရောက်လာတယ်.. ပြီးတော့ စကား စ ပြောပါ တယ်..


“ နင်ငါ့ကို စိတ်ပျက်သွားပြီလို့ ထင်နေခဲ့တာ .. နင်တကယ် ထွက်လာတယ်နော် ” တဲ့

ကျွန်မ သူ့ကို မုန်းလိုက်တာလေ.. သူနဲ့ ကျွန်မကြားမှာ ဘာမှကို ပြဿနာ မဖြစ်ခဲ့သလိုနဲ့ .. သူ သရုပ်ဆောင် တော်တော်ကောင်းပါတယ်.. ပြီးတော့ သူ့ထုံးစံအတိုင်း အရုပ်ကလေးကို ကျွန်မရှေ့ကို ထိုးပေးလိုက်တယ်..

“ငါ နင့်ဆီက အရုပ်တွေကို မလိုချင်တော့ဘူး … နောက်ကို ဘယ်တော့မှလဲ ငါ့ကို ပေးဖို့ မကြိုးစားနဲ့တော့”

“ဟင် .. ဘာဖြစ်လို့လဲ..” သူက ဘာမှ မသိ နားမလည်တဲ့ လေသံလေးနဲ့ ကျွန်မကို ပြန်မေးနေတယ်..

ကျွန်မ သူ့လက်ထဲက အရုပ်ကို ဆွဲယူလိုက်ပြီး. လမ်းမပေါ်ကို လွှင့်ပစ်လိုက်တယ်..

“ ငါ နင့်အရုပ်တွေကို မလိုချင်တော့ဘူး… နောက်လည်း ဘယ်တော့မှ မလိုတော့ဘူး.. နင့်လိုကောင်ရဲ့ မျက်နှာကိုလည်း ငါ ထပ်မတွေ့ချင်တော့ဘူး…”

ကျွန်မရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေနဲ့ သူ့ကို အဆက်မပြတ် ပစ်ပေါက်နေမိတယ်.. ဒါပေမဲ့ အရင်နေ့ တွေက အေးစက်စက် အမူအရာတွေနဲ့ မတူဘဲ မောင့်မျက်လုံးထဲက နာကျင်ရိပ်တွေ ထိတ်လန့် တုန်လှုပ် နေတဲ့ ချောက်ခြားခြင်း တွေကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်..

“ ငါ ၀မ်းနည်းပါတယ်ဟာ… နင်ဒီလောက် ဒေါသဖြစ်နေမယ်မှန်း မသိခဲ့ပါဘူး..ငါ့ကိုခွင့်လွှတ်ပါ ”

မောင့်နှုတ်က တောင်းပန်တဲ့အသံတိုးတိုးလေး ထွက်လာတယ်.. မောင့် အသံထဲမှာ နာကျင်ခြင်းတွေနဲ့ ပြည့်လို့….

ပြီးတော့ မောင်က ကျွန်မလွှင့်ပစ်လိုက်တဲ့ အရုပ်လေးကို ကောက်ဖို့ ကားလမ်းမပေါ်ကို လျှောက်သွားတယ်…

“ နင်.. အရူးဘဲ .. ဘာလို့ ဒီအရုပ်ကို ကောက်နေသေးလဲ ..လွှင့်ပစ်လိုက်ပါလား”

ဒါပေမဲ့ မောင်က ကျွန်မစကားကို မကြားသလိုနဲ့ အရုပ်ကလေးဆီ လျှောက်သွားနေတယ်.. အဲဒီအချိန်မှာ ကျယ် လောင် တဲ့ ကားဟွန်းသံနဲ့ ကြီးမားလှတဲ့ ထရပ်ကားတစ်စီးက မောင့်ဆီကို တည့်တည့်ကြီး ဦးတည်ပြီး သွားနေတယ်….

“မောင်ရေ.. ကားလာနေပြီ ….ကား ..” “ အမြန်ပြေး”

ကျွန်မအသံကုန် အော်လိုက်မိတယ်.. ဒါပေမဲ့ မောင်က ကြားပုံမရဘူး.. ထိုင်ချလိုက်ပြီး အရုပ်ကလေးကို ငုံ့ကောက်လိုက်တယ်..

“မောင်ရေ.. ကား”

“ဒုန်း” ဆိုတဲ့ ကျယ်လောင်လှတဲ့ ကြောက်စရာ အသံကြီးကို နောက်ဆုံး ကြားလိုက်ရတယ်..

အဲဒီကတည်းက မောင်ဟာ ကျွန်မရဲ့ အနားကနေ ထွက်ခွာသွားခဲ့ပါတယ်.. သူထွက်သွားတဲ့ အချိန်ထိ မျက်လုံး တစ်ချက်မှ မဖွင့် စကားလည်း တစ်ခွန်းမှ ကျွန်မကို ပြောမသွားခဲ့ပါဘူး…

အဲဒီနေ့ကစပြီး ကျွန်မဟာ မောင်သေဆုံးရခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း တွေနဲ့ အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ ၂လလောက် ကြာခဲ့ပါပြီ.. အခန်းထဲမှာ မောင်ပေးခဲ့တဲ့ အရုပ်တွေကြားထဲ ထိုင်ပြီး မောင့်ကို နေ့တိုင်း သတိရ လွမ်းဆွတ် ငိုကြွေးနေမိပါတယ်.. ဒီအရုပ်တွေဟာ ကျွန်မတို့၂ယောက် ချစ်သူတွေ ဘ၀ ရောက်ကတည်းက မောင်ပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်တွေပါဘဲ.. မောင်ပေးခဲ့တဲ့ အရုပ်ကလေးတွေကို တစ်ခုခြင်း ကောက်ပြီး ရေတွက်နေမိရင်း ချစ်သူဘ၀ အချိန်တွေကို တစ်ရက်ခြင်း ပြန်အမှတ်ရ နေမိပါတယ်..

တစ် , နှစ် , သုံး , လေး …..............................................................................................

..လေးရာ ရှစ်ဆယ့်လေး… လေးရာ့ရှစ်ဆယ့်ငါး စုစုပေါင်း လေးရာ့ရှစ်ဆယ့်ငါးခု တိတိရှိပါတယ်.. ကျွန်မ ရှိုက်ကြီး တငင် ငိုကြွေးမိပြန်ပါတယ်.. အရုပ်ကလေးကို တင်းကြပ်စွာပွေ့ဖက်ရင်း ငိုကြွေးနေမိတယ်..

ရုတ်တရက်

“နင့်ကိုငါ ချစ်တယ်”.. “နင့်ကို ငါချစ်တယ်”..

ကျွန်မ အရုပ်ကလေးကို ထိတ်လန့်တကြား လွှတ်ချလိုက်မိပါတယ်..

အရုပ်ကို ပြန်ကောက်လိုက်ပြီး ဗိုက်ကလေးကို ဖိလိုက်မိတော့

နင့်ကို ငါချစ်တယ်..တဲ့

ရှိသမျှ အရုပ်တွေအားလုံးကို တစ်ခုချင်း ကောက်ယူပြီး ၀မ်းဗိုက်တွေပေါ် ဖိလိုက်တိုင်း

နင့်ကို ငါချစ်တယ်.
နင့်ကို ငါချစ်တယ်..
နင့်ကို ငါချစ်တယ်..

အဲဒီအသံတွေဘဲ မရပ်မနား ထွက်လာပါတယ်..

ကျွန်မ စောစောက ဘာလို့ သဘောမပေါက်ခဲ့မိရတာပါလဲ….. မောင့်အသည်းနှလုံးဟာ အစောကတည်းက ကျွန်မရဲ့ ဘေးမှာ အတူတူ ရှိနေခဲ့တာပါလား… မောင်ကျွန်မကို ဒီလောက်ချစ်တယ်ဆိုတာ ဘာလို့များ မသိခဲ့ရပါလိမ့်.. ကျွန်မအရုပ်ကလေး တစ်ရုပ်ကို ကုတင်အောက်က ကောက်ယူလိုက်တယ်.. ခုနက ၄၈၅ ရုပ်တွေနဲ့ မတူဘဲ ထူးထူး ခြားခြား ကြီးမားနေတဲ့ အရုပ်ကလေး … ဒီအရုပ်ကလေးဟာ မောင်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေ့က ကျွန်မကို မောင်ပေးခဲ့တဲ့ အရုပ်လေး.. ကျွန်မလမ်းပေါ်ကို လွှင့်ပစ် လိုက်မိတဲ့ အရုပ်လေးပါ .. အရုပ်လေးမှာ မောင့်ကိုယ် ပေါ်က သွေးစက်လေးတွေတောင် ခုချိန်ထိ စွန်းပေ နေသေးတယ်.. အရုပ်ကလေးကို လက်နဲ့ ဖိချ လိုက်တော့ ကျွန်မ လွမ်းဆွတ် တမ်းတနေတဲ့ မောင့်ရဲ့အသံလေး ထွက်လာတယ်..

“ဒီနေ့ဘာနေ့လဲ ဆိုတာ နင်သိလား… ငါတို့၂ယောက်ချစ်ခဲ့ကြတာ ၄၈၆ရက်ပြည့်တဲ့နေ့လေ.. ၄၈၆ ဂဏန်းဟာ ဘာအဓိပ္ပါယ်လဲ ဆိုတာ နင်သိတယ် မဟုတ်လား… နင့်ကို ငါချစ်တယ် ဆိုတဲ့ စကားကို မပြောဖြစ်ခဲ့တာက ဒီစကား ကို ငါ့ပါးစပ်က ပြောရမှာ သိပ်ရှက်လို့ပါ… ဒါကြောင့်လဲ အရုပ်ကလေးတွေကို ငါ့ကိုယ်စား ပြောပေးဖို့အတွက် နင့်ကိုငါ နေ့တိုင်းပေးခဲ့တာပါ… နင်ငါ့ကို ခွင့်လွှတ်တယ်ဆိုရင် ဒီအရုပ်လေးကို လက်ခံပါနော်… နင့်ကို ငါသိပ် ချစ်ပါတယ်.. နောက်ကို နင့်ကို သိပ်ချစ်တယ်ဆိုတာ ငါအမြဲပြောပါ့မယ်.. နေ့တိုင်းပြောပါ့မယ်.. ငါသေတဲ့အထိ နင့်ကို ချစ်တယ်လို့ပြောပါ့မယ်.. နင့်ကို ငါအရမ်းချစ်ပါတယ်.. ကောင်မလေးရယ်..”

ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ မြစ်လိုဘဲ စီးဆင်းလာပါတယ်.. ကံတရားက ဘာလို့များ ဒီလောက် ရက်စက်ရ တာလဲ မောင်ရယ် .. နင့်အချစ်တွေကို ဘာလို့များ နင်သေဆုံးပြီးချိန်မှ ငါသိခွင့် ရလိုက်တာလဲ.. ခုချိန်မှ ငါသိလိုက် ရတော့ နင်က ငါ့ဘေးမှာ မရှိတော့ဘူးလေ.. နင်ဟာ ငါ့ကို နောက်ဆုံး စက္ကန့်အထိ ချစ်သွားခဲ့တယ် ဆိုတာ ငါယုံ ပါပြီ မောင်ရယ်.. ခုတော့ ငါတစ်ယောက်တည်း နင်ပေးခဲ့တဲ့ အရုပ်တွေကြားမှာ ဖြေမဆည်နိုင်တဲ့ နောင်တတွေနဲ့ ပူဆွေးရင်း သောကတွေနဲ့ လောင်မြိုက် နေရပါပြီ မောင်ရယ်…..

             -------------------------------------------------------------------------------------------------------
အချစ်ဆိုတာ တကယ်တမ်းတော့ မိမိရရ ဖမ်းဆုပ်ဖို့ခက်ခဲလှပါတယ်.. တစ်ခါတစ်ရံ ကိုယ့်လက်ထဲ ရောက်ရှိ လာတဲ့အချစ်ဟာ နားလည်မှု လွဲမှားတဲ့အခါ လက်ထဲက ပြန်လွှတ်ထွက် သွားတတ်ပါတယ်.. နားလည်မှု လွှဲမှားလို့ လမ်းခွဲခဲ့ကြတဲ့ ချစ်သူတွေ ဘယ်လောက်တောင် များကြပြီလဲ… တစ်ချို့သူတွေက ရင်ထဲကမပါပေမဲ့ စကားတွေကို တန်ဆာဆင်ပြီး သိုင်းဝိုင်းဖွဲ့နွဲ့လို့ ပြောတတ်ကြပေမဲ့ အချို့ကျတော့ ရင်ထဲမှာ ရှိသည့်တိုင်အောင် ပါးစပ်က ထုတ် ဖော် မပြောတတ် ကြပါဘူး… ချစ်ကြသူတွေ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်.. နားလည်မှု လွဲလို့ ခွဲခွာကြရတဲ့အခါ ခံစားရတဲ့ နာကျင်ခြင်း တွေက ပူလောင်မှုတွေဘဲ မဟုတ်ပါလား… ဒီဇာတ်လမ်းလေးက တစ်ခုခုကို သေချာအောင် မဆန်းစစ်သေးဘဲ ဆုံးဖြတ်ချက် အလျှင်စလို မချသင့်ကြောင်းကို သင်ခန်းစာ ပေးနေပါတယ်.. ဒါကြောင့် ကိုယ့်လက်ထဲက အချစ်ဆိုတဲ့အရာလေးကို သေချာ ဖမ်းဆုပ်မိနိုင်ဖို့အတွက် နားလည်မှုလေးနဲ့ တည်ဆောက် နိုင်ကြပါစေခင်ဗျာ........


Share/Bookmark

ကင်ဆာနဲ့ပတ်သတ်၍သိထားသင့်သောအချက်များ


ကင်ဆာနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ


ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများ ရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်း ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာ တစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့် ဆိုရင်တော့ သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ ဆိုရပါလိမ့်မယ်။

ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့ မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါ အများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာ ကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာ ကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ ကုသမှုတွေကို  ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။

ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်း တွေ့နိုင်တာမို့ ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ ပြောလို့မရပါဘူး။  သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့ အလားအလားရှိတဲ့ အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာ ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများ သောက်သုံးသူ၊ ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊ ဓာတုဗေဒပစ္စည်းများကို အစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ ကင်ဆာမျိုးရိုးဗီဇရှိသူနှင့် အသက်အရွယ်ကြီးရင့်သူ စသည်ဖြင့်ပေါ့။

သတိထားမိသင့်တယ်ဆိုတဲ့ အချက်လေးတွေကတော့

၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင် အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း တွေ့နိုင်ပါတယ်။ ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။

၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ ဖြစ်ပွားသူတွေမှာ ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို ပုံစံပျက်စေပါတယ်။ ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့် ခုခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ  မကြာခဏ ဖျားနာတတ်တာ ဖြစ်ပါတယ်။

၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။

၎။ သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်)  လည်ပင်းပေါင်ခြံ တို့မှအဖုအကြိတ်များ။
သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်) သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ ပြဿနာရှိခြင်းကြောင့်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။

၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ မောပမ်းလွယ်နေမယ်၊ အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို  သားအိမ်ကင်ဆာသမားတွေမှာ တွေ့ရတတ်ပါတယ်။

၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။

လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင် နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ ဆိုရင်ဖြင့် သွေးကင်ဆာကြောင့် ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့ စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အိမ်သာမှာ သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့ လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းများကို လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။

၁၀။ အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန် ကျတတ်ပါတယ်။  အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း စားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရပါတယ်။

၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။
အစာအိမ်နာခြင်း နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ တွေ့ရတတ်ပါသေးတယ်။

၁၂။ သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက် ဆွေးနွေးသင့်ပါတယ်။

၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင် မမှားပါဘူး။ သားမြတ်ခေါင်း ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့ မမေ့အပ်ပါဘူး။

၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင် အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ဒါဟာဆိုရင်ဖြင့် သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့် ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။

၁၅။ မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး အနေနဲ့ တွေ့ရတတ်ပါတယ်။

၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့ ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို အရေပြားကင်ဆာတွေမှာ တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ တင်းပုတ်ပုံစံကဲ့သို့ ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။ ဒါ့အပြင် လက်သည်းခြေသည်း အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့ အသည်းကင်ဆာမှာ တွေ့ရတတ် ပြန်ပါတယ်။

၁၈။ ခါးနာခြင်း။
အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင် သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့ ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။

အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ စောစော သိတယ်ဆိုရင် ကုသရေးမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်ထပ်သိထားသင့်တဲ့ အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင့်တင့် မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိကြောင်း သိလာပါလိမ့်မယ်။ 

တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ ချို့တဲ့ခြင်းတွေနဲ့ ဆက်စပ်နေလို့ပါပဲ။  နောက်ကျွန်တော်တို့ သတိမထားမိတဲ့ အချက်ကတော့ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့ အချက်တစ်ခုကတော့ ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင် ကင်ဆာရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။ 

ကင်ဆာရောဂါ ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...

၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင် ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့ နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။ နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့ ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့ ဗိုက်တာမင်ဒီ  ပါတဲ့ ဆေးဝါးများကနေ တဆင့် ဗိုက်တာမင်ဒီ ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။

၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။
နောက်တစ်ခုကတော့ ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး စတာတွေကို တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့ ဆက်စပ်နေတဲ့အတွက် ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။
ကင်ဆာရောဂါကို အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ ကျန်မာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ ကင်ဆာရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က အခိုင်အမာ ဆိုပါတယ်။

၅။ အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။ ဥပမာဆိုရရင်တော့ ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးများပါပဲ။

၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။

လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့ အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချသင့်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး ပေးနိုင်ပါလိမ့်မယ်။

ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....

ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ပြသပြီး ဓာတုဗေဆေးသွင်း ကုသခြင်း (chemotherapy)ဓာတ်ရောင်ခြည်ပေး ကုသခြင်း (radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း (surgical operation) များကို လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။

ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)
အကိုးအကား
http://blogs.mercola.com/sites/vitalvotes/archive/2009/05/27/the-20-cancer-symptoms-women-are-most-likely-to-ignore.aspx
http://articles.mercola.com/sites/articles/archive/2008/11/20/winning-the-war-on-cancer.aspx
http://www.emedicinehealth.com/cancer_symptoms/page2_em.htm
Lecture notes from master of Medical physiology course, Mahidol University, BKK, Thailand
Medical Physiology 2nd Edition (2005) Walter F. Boron, Emile L.Boulpaep


Share/Bookmark

ဘ၀တိုက်ပွဲအတွက်နည်းလမ်းများ(သို့)တက်ကျမ်း

ဇောက်ချလုပ်ကိုင်ပါ 

လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့်  ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်  တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။

ကောင်းမွန်သောအလေ့  အကျင့်များကိုမွေးမြူပ


ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့  အကျင့်များကို နေ့  စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ )



အချိန်၊နေရာနှင့် ခွန်အား

အောင်မြင်လိုသူတစ်ယောက်သည်  အချိန် အခါကိုသိရမည် ။ မည်သည့်  အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည် ။မည်သည့်  အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။

တွန်းကန်အား

တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည် ။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(၀ါ) တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်.... အတန်းပညာ များများစားစားမရှိပဲ ယောက်ျားဖြစ်သူ၏ လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။ နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ... မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘ၀၏ တွန်းကန်အားကိုယူ၍ ဘ၀ကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် .......
  • မိဘအတွက် ( ရှားပါတယ် ) ( အဟိ )
  • ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
  • ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် .........အစရှိသဖြင့် ...ပေါ့.......


လေးစားမှုရှိပါ

အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတိထားရမည့် အချက်တစ်ခုမှာ မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့  ၏သဘောမှာ မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့် ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။ လက်ဆောင်စကားတစ်ခွန်းပါချင်၏
" သတိိ နှင့် ပိုက်ဆံ သည် ပိုသည်ဟူ၍မရှိ "


ဝဋ်ဆိုတာလည်တတ်တယ်

သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့်  ၀ဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ ...
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ....မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့် သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့ စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့  မလားဆိုတဲ့ သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့် အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့ သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ ပျော်ရွှင်နိင်ပါစေ ။


ဟန်မဆောင်ပါနှင့်


ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည် ။

(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး အောင်မြင်ပျော်ရွှုင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ )
                                                                                            


--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။


Share/Bookmark

ဘ၀မှာသူများထက်ရှေ့ကိုပိုရောက်ချင်ပါသလား............တစ်မိုင်ပိုသွားပါ...

" ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
(If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက်ပိုပြီးအလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတက်ဘူး။
လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့စိတ် ထားရှိကြတယ်။
တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရခိုးကြခိုကြတယ်။
အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ ဖူးပါလိမ့်မယ်။ မိုင်ပိုသွားတဲ့လူ ရှားပါတယ်။
ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး ရှေ့ ဆုံးကို ရောက်သွားကြတာပါ။
ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတက်တ အကျိုးထူးတွေရှိပါတယ်။

(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို တန်ဖိုးထားကြတယ်။

(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှူကို တိုးတက်စေတယ်။

(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ခြင်လာမယ်။

(ဃ) လူတွေရဲ့  ယုံကြည်မှုကိုရလာမယ်။

(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။

(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။

(ဆ) ကူညီလိုသူတွေ ပေါလာမယ်။
ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊
အချိန်မှန်အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထားညှာတာသူ၊ ပြောတာကို သေသေချာချာနားထောင်ပြီး
အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး
အလုပ်လုပ်ပေးသူ၊ ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားက စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊
ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက်
အရေးမကြီးပါဘူး။
value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ့ ခေတ်မှာခေတ်စားပါတယ်။
(စေတနာ အပိုဆောင်းထားသော)လို့  ကျွန်တော်က ဆိုချင်ပါတယ်။ မိဘအတွက်၊ သားသမီးအတွက်၊
ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ ဖောက်သည်တွေအတွက်၊
စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့
အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။
"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှုတံခါးကိုဖွင့်နိုင်
တဲ့
သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ်။ ထို့ နောက်
ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။
ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ ပြီး ရက်ရောပြသည်။
ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။ ထို့ နောက်ထို့ ထက်ပို၍ .....။
အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့ နောက် ထို့ ထက်ပို၍.....။.....။
ထို့ နောက်ထို့ ထက်ပို၍။ .....။
အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ အဘယ်ကြောင့် အလယ်အလတ်ဘဝမှာ
လမ်းဆုံးနေရပါသလဲ။ အဆိုးမြင် နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို စိတ်ပျက်အောင်ပြောတတ်လုပ်တတ်
နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။ လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့ 
ပညာကုန်သုံးမလုပ်နိုင်ဘူး၊ သင့်ရုံလုပ်တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို့ ဘဝလည်းသင့်ရုံပဲ
တိုးတက်တာ ဘာမှမဆန်းပါဘူး။ ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာ
ယှဉ်ပြိုင်စရာလူတွေကို နောက်မှာထားခဲ့တော့တာ။ သူများကသာသူတို့ ကိုလိုက်ပြိုင်ရတော့မယ်၊ သူတို့ ကသူများကို
ပြိုင်စရာမလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ ဘဝအောင်မြင်ရေးမှာ
ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက် အများကြီး... အများကြီး... ပိုပြီးအရေးကြီးပါတယ်။

( ဘွဲ့ ဒီဂရီတွေ ပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိညဏ်နဲ့  သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို
ပိုင်ဆိုင်နိုင်မှာအသေအချာပင် )


Share/Bookmark